Friday, November 5, 2010 By: ဘ၀ဇာတ်ခုံ

ဥယာဉ်မှူး၏ နှလုံးသား !





တစ်နေ့ ---------
လူတွေစုံတဲ့ ထိုတစ်နေ့
ဥယာဉ်ထဲမှာ
တစ်ချို့ဖူး တစ်ချို့ပွင့်
တစ်ချို့လန်း တစ်ချို့နွမ်း
တစ်ချို့ကြွေ တစ်ချို့ဝေ

တစ်ချို့က မေးကြတယ်
မဖူး မပွင့်တဲ့ပန်း
ဘာလို့စိုက်တာလဲတဲ့ -------
ပြီးတော့
မလန်းဘဲ နွမ်းနေတဲ့ပန်း
ဘာလို့ ထားတာလဲတဲ့
ကြွေနေတာတွေ
ဘာလို့ ကြည့်နေလဲတဲ့ -----

တစ်ယောက်က ထမေးပြန်တယ်
ကိုယ်လည်း မပန်
ကိုယ်လည်း မခူး
ကိုယ်လည်းမပိုင်
ကိုယ်လည်းမနမ်း
ဆိုင်နေယုံလေးနဲ့
ဘာလုပ်မှာလဲတဲ့ --------

သူတို့တွေ စကားဆုံးတော့
ဥယာဉ်မှူးက ပြန်ပြောလိုက်တယ်
ဘယ်သူခူး ဘယ်သူပန်
ဘယ်သူယူ ဘယ်သူပိုင်
ဘယ်သူခိုး ဘယ်သူဒိုး
ငါကဥယာဉ်မှူး
ငါပျိုးတဲ့ပန်းတိုင်း
ပွင့်စေချင်တာ
ငါ့စေတနာပါတဲ့ ----------။ (သုထက်/န.ပ.သ.(မန်း)

(၂၀၀၄- မြန်မာနိုင်ငံ ရန်ကုန် ညီလာခံအတွင်း ဆရာတော်၏ မိတ်ဆွေ ဆရာတော်များက သီတဂူဆရာတော်အား ကိုယ်တော်ပို့ပေးထားတဲ့ နိုင်ငံခြား ပညာသင်တွေ သူတို့လမ်း သူတို့လျှောက်သွားကြရင် ကိုယ့်တော့်အတွက် ဘာအကျိုးရှိမလဲ-ဟု မေးကြရာ ဒါက သူတို့ကိစ္စ၊ သူတို့တွေကို မြေတောင်မြောက်ပေးရမှာက တပည့်တော် တာဝန်လေ-ဟု ဖြေကြားခဲ့သော အဖြေစကားလေးကို ဦးတင်လျှက် ရေးဖွဲ့မိပါသည်)

0 အကြံပြုစာ: