တခါက ပန်းချီဆရာတစ်ယောက် မင်းနေပြည်တော်မှာ ပန်းချီပြခန်းလုပ်တယ်၊
ပန်းချီမျိုးစုံပြထားတာ အံ့သြစရာအလွန်းကောင်းတယ်၊ လက်ရာတွေ မြောက်လွန်းလို့
လာကြည့်တဲ့ သူတိုင်း ချီးကျူးကြတယ်၊ ဒီပန်းချီဆရာ လက်ရာမြောက်တယ်၊ တော်တယ်၊ ပါရမီရှင်ပဲ၊ ဆေးစက်ကြရာ အရုပ်ထင် စသည်စသည် ပေါ်ပေါ်ထင်ထင်တမျိုး တီးတိုးတမျိုး ပြောပြောသွားကြတယ်။
ပန်းချီဆရာကလဲ လာကြည့်သူပရိတ်သတ်ကြားထဲမှာ အများအားပေးမှုကို ခံရတော့ ပီတိနဲ့ပြုံးလို့၊ ပျော်လို့၊ ကျေနပ်လို့နေတယ်၊ သူ့ပြကွက် ပန်းချီတကားရှေ့ရောက်တော့ စိတ်အနှောက်အယှက်ဖြစ်သွားရတယ်၊ ဆယ်ကျော်သက် လူငယ်တစ်ယောက် သူဆွဲတဲ့ ပန်းချီကားကိုကြည့်ပြီး ပြန်အထွက်မှာ မကြားတကြား "ဟင်း" ဆိုတဲ့အထင်သေးသလို ကဲ့ရဲ့သလို မထိတထိနှုတ်နဲ့ လုပ်သွားလို့ပါ။
တကယ်တော့ ဒီသူငယ်ဟာ အညာအကြေးကလာတဲ့ နွားကျောင်းသားလေးပါ။ မြို့ကို ဘုရားဖူးခဏရောက်လာလို့ မြင်တာနဲ့ ၀င်ကြည့်တဲ့သဘောပါ၊ ပန်းချီဆရာက မခံချိမခံသာ သိလိုတာက တစ်မျိုးမို့ မနေနိုင်ဘူး၊ နောက်ကလိုက်သွားပြီး မေးလိုက်တယ်။ "ဟေ့ ... သူငယ် ဘာလိုအပ်ချက် ရှိလို့ မြင်လို့ အထင်သေးတဲ့ ပုံဟန်လုပ်ရတာလဲ"။
ဒီတော့မှ သူငယ်က "ဆရာဆွဲထားတဲ့ ပန်းချီကားမှာ သဲကြီးမဲကြီး နွားနှစ်ကောင်ခွေ့ (ဝှေ့) နေတယ်" "အဲဒါဘာဖြစ်လဲ သူငယ်" "မဟုတ်ဘူးဆရာ အမှီးက နှစ်ကောင်လုံး ထောင်နေတယ်လေ" "ဒါဆို အမှီးက မထောင်ရဘူးလား" "ဆရာ တကယ်ဝှေ့တဲ့ နွားဆို မထောင်ဘူး"
ဒီတော့မှ ပန်းချီဆရာက သူငယ်လေးကို ကျေးဇူးစကားဆိုပြီး လက်ဆောင်တွေ ပေးလိုက်တယ်။
-----------------------
တစ်ခါတလေ ကိုယ့်အားနည်းချက် ကိုယ်မမြင်တတ်တာလေးကို
သတိမူစေချင်တာပါ။ ထောက်ပြလာရင်လဲ မှန်ရင် မှန်တဲ့အကြောင်း မမှန်ရင်လဲ မမှန်တဲ့ အကြောင်း ယထာဘူတကျကျ ပြောသင့်တယ်၊ တုန်ပြန်သင့်တယ်၊ နေ့စဉ် ကိုယ်ရေးဆွဲနေတဲ့ ကိုယ့်ဘ၀ပန်းချီတွေလဲ မှန်တယ်ကောင်းတယ်လို့တော့ မာနအားပေးပုံစံနဲ့ အမြဲ မထင်မြင်မိစေချင်ပါဘူး၊ လှတာ ကောင်းပါတယ်၊ ဒါပေမဲ့ သဘာဝကျဖို့တော့ လိုမယ်လေ၊ သဘာဝကျဖို့တော့ နားထောင်တတ်ဖို့ရယ် ရေးချယ်တတ်ဖို့ရယ် သတိလေးထားဖို့ရယ် ဒါဆို အဆင်ပြေမယ်ထင်ပါတယ်။